#Annual_Leave နှင့် မတူသော #Earned_Leave
=============================
ယနေ့ မြန်မာ့ကုမ္ဗဏီလောကတွင် HR တာဝန်ရှိသူများ၊ စီမံခန့်ခွဲမှုတာဝန်ယူထားရသူ Manager များ ကြုံတွေ့နေရသော ခွင့်ဆိုင်ရာပြဿနာများထဲမှ တစ်ခုကို ရှင်းလင်းစွာသိနားလည်ကြစေရန် စေတနာရည်သန်၍ ယခုစာစုကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ကုမ္ဗဏီဝန်ထမ်းများအနေဖြင့် ရရှိခံစားနိုင်သော ခွင့်များနှင့် စပ်လျဉ်း၍ စာရေးသူထံသို့ ဆွေးနွေးမေးမြန်းမှုများအနက် အများဆုံးပြန်လည်ရှင်းလင်းပြောပြရတာကတော့ အဆိုပါAnnual Leave နှင့် Earned Leave ပြဿနာများပဲဖြစ်ပြီး အဆိုပါ ခွင့်အမျိုးအစား (၂)မျိုး၏ ရာထွေးမှုကြောင့် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် အခက်အခဲများဖြစ်ပေါ်နေသည်ကို တွေ့ရှိရ၍ သေချာစွာသိရှိနိုင်ကြစေရန် ရည်သန်၍ ရှင်းလင်းတင်ပြရခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ အလုပ်သမားများ(နိုင်ငံ့ဝန်ထမ်းများမပါ)အနေဖြင့် ခွင့်ရက်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းလျှင် ဥပဒေ (၂)ခုကို စံထား အတည်ယူရကြပါတယ်။ အဲဒီဥပဒေ(၂) ခုကတော့ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေ နှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ တို့ပင်ဖြစ်ပြီး မြန်မာနိုင်ငံသားအလုပ်သမားများအတွက်မူ ထိုဥပဒေများပါ ပြဌာန်းချက်များသည်သာ တရားဝင်ပြဌာန်းချက်များအဖြစ် ကောက်ယူကြရမှာဖြစ်ပါတယ်။
#လုပ်သက်ခွင့်Earned_Leaveဆိုသည်မှာ....
၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေအရ အလုပ်သမားများ ရပိုင်ခွင့်ရှိသော ခွင့်အမျိုးအစားများထဲတွင် လုပ်သက်ခွင့်သည် အမျိုးအစားတစ်ခုအဖြစ်ပါဝင်ပါတယ်။ ထိုဥပဒေတွင် မြန်မာလို “လုပ်သက်ခွင့်”ကို အင်္ဂလိပ်လို “Earned Leave “ဟု တရားဝင်ဖော်ပြထားပြီး “လုပ်သက်ခွင့်”၏ အဓိပ္ဗါယ်ဖွင့်ဆိုချက်ကို ( လုပ်သက်ခွင့်ရက် ဆိုသည်မှာ အလုပ်လုပ်ခဲ့သည့်ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း၊တာဝန်ဝတ္တရား ဆောင်ရွက်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း၊ ရထိုက်ခွင့်ရှိသည့် ခွင့်ရက်ကို ဆိုလိုသည်။) ဟု ဖော်ပြထားပါတယ်။ လုပ်သက်ခွင့်ဟူသော Earned Leave သည် ကုမ္ဗဏီတစ်ခုတွင် တစ်ဆက်တည်း(၁၂)လ ပြည့်အောင် ထမ်းဆောင်ပြီးသူမှ ရပိုင်ခွင့်ရှိသော ခွင့်အမျိုးအစားဖြစ်ပြီး လုပ်သက်(၁၂) လ သို့မဟုတ် တစ်နှစ်အောက် တာဝန် ထမ်းဆောင်သူတို့ ရပိုင်ခွင့်ရှိသော ခွင့်အမျိုးအစားမဟုတ်ပါ။ လုပ်သက်ခွင့်၏ အင်္ဂလိပ်လိုအခေါ်အဝေါ် Earned ဆိုသည့် (တစ်ခုခုပေးပြီးမှ ပြန်လည်ရယူခွင့်ရှိခြင်း) ဟူသော အဓိပ္ဗါယ်က လုပ်သက်ခွင့်၏သဘောသဘာဝကိုပိုမိုရှင်းလင်းစွာသိမြင်စေပါတယ်။ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေ ၊ ပုဒ်မ(၄) အရ (၁၂)လပြည့်အောင် ထမ်းဆောင်ခဲ့သည့်အလုပ်သမားတစ်ဦးဦးသည်ထို(၁၂)လ ပြည့်ပြီးနောက်တွင် လုပ်သက်ခွင့်ရက် (၁၀)ရက်ကို ရယူခံစားနိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။ယခုအခါ ကုမ္ဗဏီများမှ အချို့သော အလုပ်သမားများက ၁၉၅၁ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေပါ လုပ်သက်ခွင့်ရက်Earned Leave) ကို အချို့သောနိုင်ငံများတွင် ကျင့်သုံးနေသည့် Annual Leave နှင့်မှားယွင်းမှတ်ထင်နေကြသည်ကိုတွေ့ရှိရပါတယ်။အထုူးသဖြင့် မြန်မာနိုင်ငံနှင့် နီးစပ်သော စင်ကာပူနိုင်ငံတွင် ကျင့်သုံးသည့် (Annual Leave) ကို မြန်မာနိုင်ငံရှိ (လုပ်သက်ခွင့် Earned Leave)နှင့် တူညီသည်ဟု အထင်မှားပြီး ခွင့်များတင်ပြရာတွင် မှားယွင်းတွက်ချက်လျှက်ရှိနေတာကို တွေ့ရှိရပါတယ်။ အမှန်စင်စစ် (Annual Leave) ကို မြန်မာလို အဓိပ္ဗါယ်ဖွင့်ဆိုရလျှင် (နှစ်ပတ်လည်ခွင့်) ဟု ဖွင့်ဆိုရ မှာဖြစ်ပြီး မြန်မာနိုင်ငံရှိ လုပ်သက်ခွင့်နဲ့ များစွာကွာခြားတာကို တွေ့ရှိရပါတယ်။
#Annual_Leaveနှစ်ပတ်လည်ခွင့် ဆိုသည်မှာ...
Annual Leave ဆိုသော နှစ်ပတ်လည်ခွင့် နှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါကစင်ကာပူနိုင်ငံ Ministry of Manpower မှ ပြဌာန်းသတ်မှတ်ထားသော Annual Leave နှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များကို ထိုဝန်ကြီးဌာန၏တရားဝင်အွန်လိုင်းစာမျက်နှာ//www.mom.gov.sg/employment-/leave/-leave တွင် သွားရောက်လေ့လာနိုင်ပါတယ်။ အဆိုပါ စင်ကာပူနိုင်ငံရဲ့ သတ်မှတ်ချက်အရ Annual Leave ခေါ် နှစ်ပတ်လည်ခွင့်သည် အလုပ်သမား၏ လုပ်သက်(၃)လကျော်သည်မှစတင်၍ ရယူခံစားနိုင်ပြီး ဝန်ထမ်း၏လုပ်သက်(၁)နှစ်တာအတွင်း(၇)ရက်ရယူခံစားနိုင်ပါတယ်။
လုပ်သက်၏ ပထမ(၁)နှစ်အတွင်း(၇) ရက်ရရှိနိုင်ပြီး၊
လုပ်သက်(၁)နှစ်ကျော်၍ ဒုတိယ(၁)နှစ်အတွင်း (၈)ရက်၊
လုပ်သက်၏ တတိယ(၁)နှစ်အတွင်း (၉)ရက်၊
လုပ်သက်၏ စတုတ္ထ(၁)နှစ်အတွင်း (၁၀)ရက်၊
လုပ်သက်၏ ပဉ္စမ(၁)နှစ်အတွင်း (၁၁)ရက်၊
လုပ်သက်၏ ဆဌမ (၁)နှစ်အတွင်း (၁၂)ရက်၊
လုပ်သက်၏သတ္တမ (၁)နှစ်အတွင်း (၁၂)ရက်၊
လုပ်သက်၏ အဌမ(၁)နှစ်အတွင်း (၁၃)ရက်နှင့်
နဝမနှစ်မှစ၍ကျန်သောနှစ်များအတွက်လုပ်သက်(၁)နှစ်လျှင် (၁၄)ရက်စီ အသီးသီးရရှိခံစားခွင့်ရသောကြောင့် လုပ်သက်အလိုက် အဆင့်ဆင့်တိုးမြှင့်ရရှိသော ခွင့်အမျိုးအစားဖြစ်ပါတယ်။
#Earned_Leave နှင့် #Annual_Leave ကွဲပြားမှု...
ကုမ္ဗဏီလုပ်ငန်းများရှိ အလုပ်သမားများက မှားယွင်းယူဆနေကြသော်လည်း အကယ်စင်စစ် ထိုခွင့်အမျိုးအစား နှစ်ခုသည် ဆင်သယောင်ယောင်နှင့် အတော်ပင်ခြားနားတာကိုတွေ့ရှိရပါမယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း တာဝန်ထမ်းဆောင်သောအလုပ်သမားများသည်နိုင်ငံ၏ သက်ရောက်သော ဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်၍၁၉၅၁ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေပါ (လုပ်သက်ခွင့်) ဆိုင်ရာ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါတယ်။ ထို့ကြောင့် ဥပဒေပါ ပြဌာန်းချက်တွင် ပါဝင်သော (လုပ်သက်ခွင့် Earned Leave) ၏ သတ်မှတ်ချက်များအတိုင်းသာ ရယူပိုင်ခွင့်ရှိပြီး ဥပဒေထက်သာလွန်သော အခွင့်အရေးများကိုမူ သက်ဆိုင်ရာစီမံခန့်ခွဲသူများမှ ခွင့်ပြုပေးမှသာ ရယူပိုင်ခွင့်ရှိသဖြင့် ဥပဒေပါ (လုပ်သက်ခွင့်Earned Leave) သည်သာ အလုပ်သမားများ၏ တရားဝင်ရပိုင်ခွင့်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
_________________________________________________________________________
#Crd>>မောင်မြင့်မိုရ်OMEGA consultancy)
Zawgyi>>
=============================
_________________________________________________________________________